တောင်ကိုရီးယားနိုင်ငံရဲ့ လေးစား အတုယူဖွယ်ရာ ကိုရိုနာဗိုင်းရပ်စ် တိုက်ခိုက်ပုံ

တောင်ကိုရီးယားနိုင်ငံရဲ့ လေးစား အတုယူဖွယ်ရာ ကိုရိုနာဗိုင်းရပ်စ် တိုက်ခိုက်ပုံ


တောင်ကိုရီးယားနိုင်ငံမှာ ပြည်သူနဲ့ အစိုးရ ဘယ်လိုလက်တွဲပြီး ကိုရိုနာဗိုင်းရပ်စ်ကို ပူးပေါင်း တိုက်ခိုက်နေကြသလဲ… တောင်ကိုရီးယားရဲ့ နေရာ အနှံ့အပြားမှာ ယာယီ ကားစင်တာ အသစ်တွေပေါ်နေတယ်..။ ကားတွေက သတ်မှတ်ထားတဲ့ လမ်းကဖြတ်ရတယ်..။ အဖြူရောင် အကာအကွယ် အ၀တ်အစားတွေ ဝတ်ထားတဲ့ လူတွေက လက်ပြလိုက်ရင် ကားရပ်ပြီး ကားမှန်ကိုချရတယ်..။
ကားမောင်းသူရဲ့ ပါးစပ် နဲ့ နှာခေါင်း ထဲကို ဝါဂွမ်းရှိတဲ့ ဝါဂွမ်း နားကြပ်တံပုံစံ) ကိရိယာအတံလေးထည့်ပြီး တံတွေးနဲ့ နှာရည် နမူနာကိုယူတယ်..။ တံတွေးနဲ့ နှာရည်…? ဟုတ်ပါတယ်..။ အဲဒီနေရာတွေဟာ ကားပြင်တဲ့ စင်တာမဟုတ်ပါ..။ ကားနဲ့ ဖြတ်ပြီး (drive-through COVID-19 screening) ကိုရိုနာ ဗိုင်းရပ်စ် စစ်တဲ့ စင်တာတွေဖြစ်ပါတယ်…။ ဗိုင်းရပ်စ် ရှိတယ်လို သံသယရှိတဲ့သူတွေဟာ ကားပေါ်ကတောင် ဆင်းစရာမလို၊ ကိုရိုနာဗိုင်းရပ်စ် ရှိ၊မရှိ စစ်တဲ့ စနစ် (Test Program) ဟာ တောင်ကိုရီးယားက တီထွင်ခဲ့တာဖြစ်တယ်..။
ကားမရှိ၊ ကားမမောင်းတတ်ရင်ရော..? ဖုန်းဆက်လိုက်ရင် အနီးဆုံး ဘယ်နေရာကို သွားပါလို့ ပြောတယ်.။ နောက်ထပ် အသစ်တစ်ခု တီထွင်လိုက်ပြန်တယ်..။ အဲဒီနည်းအသစ်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေ ဗိုင်းရပ်စ် မကူးလို့ အဆင်ပြေပါတယ်..။ ကျန်းမာရေးဝန်ထမ်းတွေ အကာအကွယ်အ၀တ်အစားတွေ ဝတ်ရန်မလိုအပ်ပါ။ မှန်အလုံပိတ်ထားတဲ့ အခန်းထဲမှာ ကျန်းမာရေးဝန်ထမ်းက နေပြီး ဗိုင်းရပ်စ် အစစ်ခံသူတွေက အပြင်ကနေ အစစ်ခံရတာဖြစ်ပါတယ်။(ဓာတ်ပုံတွေထဲမှာ ဖေါ်ပြထားပါတယ်။) အခုဆို တောင်ကိုရီးယားမှာ နေ့တိုင်း လူ ၂၀,၀၀၀ လောက် စစ်ပေးနေနိုင်ပြီ..။
ကိုရိုနာဗိုင်းရပ်စ် စစ်တဲ့ PCR (polymerase chain reaction) စက်တွေ ထောင်ပေါင်းများစွာဟာ ၂၄ နာရီလုံး လည်ပတ်နေကြတယ်..။ test တစ်ခုအတွက် ၆ နာရီ ကြာတယ်..။ တောင်ကိုရီးယားမှာ ပြည်သူနှင့်ပုဂ္ဂလိကပိုင် ဓာတ်ခွဲခန်း ၉၆ ခုရှိတယ်..။ အဲဒီမှာ ဗိုင်ရပ်စ် စစ်တဲ့ ဓာတ်ခွဲခန်းဝန်ထမ်းထောင်ပေါင်းများစွာဟာ နေ့စဉ်နေ့တိုင်း လူလဲပြီး ၂၄ နာရီအလုပ်လုပ်နေကြတယ်..။ ပါမောက္ခ Kwon က တောင်ကိုရီးယားနိုင်ငံရဲ့ နေ့စဉ် ကိုရိုနာဗိုင်းရပ်စ် Covid-19 စမ်းသပ်စစ်ေဆးမှု စာရင်းက ၉၈% တိကျတယ်လို့ပြောပါတယ်..။
ဂျာမနီနိုင်ငံ က ZDF အသံလွှင့်ဌာန နဲ့ ARD အသံလွှင့်ဌာတွေက တောင်ကိုရီးယားတို့ရဲ့ COVID-19 စီမံခန့်ခွဲမှုဟာ သိပ်မြန်ပြီး တော်တယ်လို့ ချီးကျူးခဲ့တယ်..။ ဂျာမနီက အဲဒီ စနစ်ကိုအတုယူပြီး တစ်နေ့ကို လူ ၁၆,၀၀၀ စစ်ဆေးနိုင်နေတယ်..။ လွန်ခဲ့တဲ့ ၂ ပတ်ကစပြီး အင်္ဂလန်နိုင်ငံမှာလည်း ကားဖြတ်မောင်း ဗိုင်းရပ်စ် စစ်ဆေးရေး စခန်းတွေ ဆောက်ပြီး စစ်နေပြီဖြစ်တယ်..။ တောင်ကိုရီးယားတို့ဟာ ၂၀၁၅ ခုနှစ်၊ MERS ရောဂါဖြစ်တုန်းက အရမ်းဒုက္ခရောက်ခဲ့ဖူးတယ်..။ MERS ရောဂါကြောင့် တောင်ကိုရီးယားမှာလူ ၃၆ ဦး သေဆုံးခဲ့တယ်..။ အဲဒီတုန်းက ရင်ဆိုင်ခဲ့ရတဲ့ အခက်အခဲတွေကို သင်္ခန်းစာယူပြီး COVID-19 စမ်းသပ်ကိရိယာတွေကို အမြန်တီထွင်ပြီး ရောဂါ အမြန်ဆုံးစစ်ဆေးနိုင်အောင်ကြိုးစားခဲ့တာ..။ အောင်မြင်ခဲ့ပါတယ်..။ တောင်ကိုရီးယားနိုင်ငံ သေဆုံးမှုနှုန်း နိမ့်ကျရတဲ့ အဓိက အကြောင်းရင်းက တိတိကျကျ စစ်ဆေးနိုင်တာကြောင့်ဖြစ်တယ်..။ ဗိုင်းရပ်စ် ကူးစက်ခံထားရတဲ့ လူနာတွေကို အခြားလူတွေနဲ့ အမြန်ဆုံးခွဲထားနိုင်ခဲ့လို့ဖြစ်တယ်..။ drive-through ဗိုင်းရပ်စ် စမ်းသပ်မှုဟာ လူနာတွေကို ဆေးရုံမှာ သို့မဟုတ် စောင့်ဆိုင်းခန်းမှာနေရင်း လူနာက လူကောင်းကို ဗိုင်းရပ်စ် ကူးစက်မှုကို ကာကွယ် တားဆီးပေးတယ်..။ လူနာက ဗိုင်းရပ်စ်ဝင်နေပြီဆိုတာကို သိတာနဲ့ ရဲဘက်က အဲဒီလူရဲ့ ဖုန်းတွေနဲ့ ခရက်ဒစ်ကဒ် data တွေနဲ့ လှုပ်ရှားမှုတွေကို ခြေရာခံ စစ်ဆေးတော့တယ်..။ လူနာသွားခဲ့တဲ့နေရာဆို ဘယ်လောက်ကြီးတဲ့ ရှော့ပင်းစင်တာ အကြီးတွေဖြစ်စေ ၂ ပတ်ပိတ်ရတယ်..။ ဆေးဖျန်း သန့်ရှင်းရတယ်..။ လူနာသွားခဲ့တဲ့ နေရာတွေ အနီးကို ရောက်တိုင်းကို သတိပေးတဲ့ ဖုန်းမက်ဆေ့ခ်ျ အမြဲပို့ပေးတယ်..။ သတိပေးတဲ့ ဖုန်းမက်ဆေ့ခ်ျ စနစ်ကလည်း အရမ်းကောင်းတယ်..။ Self-quarantine လုပ်ရမယ်ဆိုပြီး အသတ်မှတ်ခံရတဲ့ သူတွေဟာ app (အက်ပလီကေးရှင်း) တစ်ခုကိုဒေါင်းလော့လုပ်ရတယ်..။ (မဖြစ် မနေ) သူတို့ အပြင်ထွက်ရင် အဲဒီ app က သတိပေးတယ်..။ စည်းကမ်းမလိုက်နာသူတွေကို ဒဏ်ငွေ (၂၅၀၀ ဒေါ်လာ) ပေးရတယ်..။ အခုဆို တောင်ကိုရီးယားရဲ့ စမ်းသပ်စက်တွေကို တရုတ်၊ ဥရောပနှင့်အမေရိကန်စတဲ့ အခြားနိုင်ငံတွေကိုပို့ပေးနေပါတယ်..။ ကျွန်မတို့ မြန်မာနိုင်ငံလည်း အကူအညီတောင်းသင့်ပါတယ်။ (အကူအညီတောင်းပြီးသားလည်း ဖြစ်ရင်လည်း ဖြစ်မှာပါ) တောင်ကိုရီးယားရဲ့ ကိုရိုနာဗိုင်းရပ်စ် သေဆုံးမှုနှုန်းဟာ ၀.၇% ဖြစ်ပါတယ်။ ဒါဟာ တောင်ကိုရီးယားမှာ ကြိုတင်ကာကွယ်မှုတွေ အသေအချာလုပ်တယ်၊ ခြေရာခံ စစ်ဆေးတာ တော်လို့ဖြစ်တယ်..။ CCTV က တစ်နိုင်ငံလုံးလိုလို တပ်ထားတယ်..။ လိမ်လို့မရ..။ ဗိုင်းရပ်စ်က ၂ ပတ်လောက် အောင်းနေတတ်တော့ နေကောင်းကောင်း၊ မကောင်းကောင်း mask တပ်ကြတယ်.၊မတပ်တဲ့သူ မရှိသလောက်ပဲ..။ အရေးကြီးရင် သိပ်စည်းလုံးတဲ့ နိုင်ငံပေါ့..။ ပြီးတော့ စည်းကမ်းရှိတယ်။ ဒါကို ကျွန်မတို့ အတုယူရပါမယ်။ နိုင်ငံခြားပြန်တွေ၊ ချောင်းဆိုး ဖျားနာတဲ့သူတွေ ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ မသေချာရင် အိမ် အခန်းထဲမှာ ၂ ပတ်နေကြပါ။ မိသားစုနဲ့ နေတာတောင် လက်ဆေး၊ mask တပ်ထားကြပါ။ တစ်ကမ္ဘာလုံးမှာ လူတွေ ဟိုနေရာ၊ ဒီနေရာ သေကုန်ကြပါပြီ..။ သူများတကာလို မချမ်းသာတဲ့ နိုင်ငံမို့ ကျွန်မတို့ ပိုပြီး စည်းကမ်းရှိရမယ်။ စည်းလုံးရမယ်..။ ကိုယ့်မိသားစုကို ကိုယ် ကာကွယ်ရမယ်။ ကိုယ့်ရပ်ကွက်ကို ကိုယ် ကာကွယ်ရမယ်။ ကိုယ့်မြို့ကို ကိုယ် ကာကွယ်ရမယ်။ ကိုယ့်နိုင်ငံကို ကိုယ် ကာကွယ်ရမယ်။ ဆဲဆို၊ စကားပြိုင်၊စကားနိုင်တွေ ရပ်ပြီး၊ နားမလည်သူတွေ၊ ခေါင်းမာတဲ့သူတွေကို စိတ်ရှည် လက်ရှည် ရှင်းပြဖို့လိုပါတယ်။ ရန်ဖြစ်ရုံနဲ့ မပြီးဘူးလေ။ မရွှေမိုး (ကိုရီးယား) March 28th, 2020.

#ခရက်ဒစ်

Comments