စင်္ကာပူမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု မြင့်လာတာ ဘယ်လောက် စိတ်ပူစရာ ကောင်းသလဲ ဒီစာမျက်နှာ Facebook ဒီစာမျက်နှာ WhatsApp ဒီစာမျက်နှာ Messenger ဝေမျှပါ


စင်ကာပူဓာတ်ပုံ မူပိုင်
စင်္ကာပူနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားမှုကို ကိုင်တွယ်ဆောင်ရွက်ရာမှာ ထူးထူးချွန်ချွန်လုပ်ဆောင်နိုင်ခဲ့တံ့နိုင်ငံပါ။
ဒီရောဂါကို နာမည်မတပ်နိုင်သေးခင်ကတည်းကိုက စင်္ကာပူမှာ အသွားအလာတွေ တင်းတင်းကြပ်ကြပ်ကန့်သတ်လိုက်သလို ရောဂါပိုး ဘယ်ကနေ ကူးစက်ခဲ့သလဲဆိုတာကို ခြေရာခံ တားဆီးဆောင်ရွက်မှုတွေကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခဲ့ပြီး ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့တာပါ။
ဒါပေမဲ့ အခုရက်ပိုင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားမှုတွေ တရှိန်ထိုးမြင့်တက်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ရောဂါ ဖြစ်ပွားသူ ၂၈၇ ဦး အထိ အများဆုံး ဖြစ်ပွားခဲ့ပါတယ်။ အဲဒီမတိုင်တစ်ရက်က တော့ ၁၄၂ ဦး ရှိပါတယ်။
အများစုဟာ ရွှေ့ပြောင်းအလုပ်သမားတွေ စုပြုံနေထိုင်နေတဲ့ နေရာတွေက ဖြစ်ပါတယ်။ ဒီလို ရောဂါကူးစက်မှုတွေ မဖြစ်အောင် လနဲ့ချီ ရှောင်ရှားနိုင်ခဲ့အပြီး အခုအခါ စင်္ကာပူမှာကျောင်းတွေနဲ့ အရေးမကြီးတဲ့ စီပွားရေးလုပ်ငန်းတွေ ပိတ်ထားသလို လူတွေကိုလည်း အိမ်ထဲမှာပဲ နေကြဖို့ တိုက်တွန်းထားပါတယ်။
ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေထဲက တစ်ခု ဖြစ်တဲ့ စင်္ကာပူနိုင်ငံဟာ သင့်လျော်တဲ့ လုပ်ဆောင်မှုတွေကိုဆောင်ရွက်နေပုံရကြောင်းနဲ့ ဆင်းရဲတဲ့နိုင်ငံတွေအတွက် အရေးပါတဲ့ သင်ခန်းစာတွေ ပေးနိုင်ပြီး ဖြေရှင်းဆောင်ရွက်ဖို့ အချိန်မီသေးတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

စင်္ကာပူမှာ ဘယ်လိုကြောင့် အခြေအနေ ကောင်းခဲ့တာလဲ

စင်္ကာပူမှာ ပထမဆုံး ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားတာက အရမ်းကိုစောပါတယ်။ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဝူဟန်မြို့ကနေ ရောက်လာတဲ့ တရုတ်ခရီးသည်တစ်ဦးမှာ စဖြစ်တာပါ။ အဲဒီနေ့တစ်ရက်တည်းမှာပဲ ဗိုင်းရပ်စ်ပိုးစတွေ့တဲ့ အချက်အချာနေရာကို ပိတ်ထားလိုက်ပါတယ်။
အဲဒီဗိုင်းရပ်စ်ပိုးရဲ့ ရောဂါကို ကိုဗစ်-၁၉ လို့ တရားဝင်အမည် ပေးလိုက်ချိန်မှာတော့ စင်္ကာပူက လူထုအကြား ရောဂါပိုး ပြန့်နှံ့ ကူးစက်နေပြီဖြစ်ပါတယ်။ ဒါပေမဲ့ အသေအချာ လေ့ကျင့် ပြင်ဆင်ထားတဲ့ ဆောင်ရွက်မှုတွေနဲ့ စင်္ကာပူအစိုးရက တုံ့ပြန်လုပ်ဆောင်နိုင်ခဲ့ပါတယ်။
လေဆိပ်တွေမှာ ကျန်းမာရေးစစ်ဆေးမှုတွေ လုပ်တာအပြင် ရောဂါသံသယရှိသူတိုင်းကို ထိထိရောက်ရောက် စစ်ဆေးတာမျိုးတွေ၊ ရောဂါရှိတယ်လို့ အတည်ပြုထားသူတွေနဲ့ ထိတွေ့ဆက်ဆံခဲ့သူအယောက်တိုင်းကို ခြေရာခံရှာဖွေပြီး အဲဒီလူတွေကို ရောဂါ ကင်းစင်ကြောင်း သေချာတဲ့အထိ အိမ်ထဲမှာ နေခိုင်းတာမျိုးတွေ လုပ်ခဲ့ပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ တက်ဒရော့စ် အက်ဒါနောမ် ဂက်ဘရက်ဆပ်စ် က "ဒါဟာအစိုးရတွေအားလုံး လုပ်သင့်တဲ့ နမူနာကောင်းတရပ်ဖြစ်တယ်" လို့ ပြောပါတယ်။
ချန်ဂီ လေဆိပ် - မတ်လ ၆ ရက်ဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionစင်ကာပူကိုရောက်လာသူဘယ်သူမဆို အစိုးရက သီးခြားထားတဲ့ နေရာမှာ ၁၄ ရက် နေရမယ်
စင်္ကာပူနိုင်ငံမှာ လူတွေရဲ့နေ့စဉ်ဘဝ လှုပ်ရှားသွားလာမှုတွေအပေါ် ကန့်သတ်မှုတွေ ကြီးကြီးမားမားမလုပ်ဘဲနဲ့ သီတင်းပတ်နဲ့ချီ ရောဂါဖြစ်သူတွေ နည်းအောင်၊ ရောဂါသည်တွေကို ခြေရာခံရှာတာတွေ လုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ကမ္ဘာတဝန်း ရောဂါဖြစ်ပွားမှု သတိပေး တုံ့ပြန်ဆောင်ရွက်ရေးကွန်ရက်အဖွဲ့ဥက္ကဌ စင်္ကာပူအမျိုးသားတက္ကသိုလ်ပါမောက္ခ ဒေးလ် ဖစ်ရှာကတော့ စင်္ကာပူအစိုးရ ဆောင်ရွက်နေတာတွေ ကောင်းတယ်လို့ လူတွေ ပြောလာကြတိုင်း လောလောဆယ်အချိန်မှာတော့ ဟုတ်ပါတယ်လို့ သူက ပြန်ပြောခဲ့ကြောင်း ဘီဘီစီကိုပြောပြပါတယ်။
"ဒီရောဂါဟာ ထိန်းချုပ်ဖို့ တကယ့်ကိုခက်တဲ့ ရောဂါဖြစ်တယ်"လို့ ဆိုပါတယ်။

ဘယ်အချိန်မှာ အခြေအနေတွေ စဆိုးလာတာလဲ

စင်္ကာပူအစိုးရရဲ့စနစ်က မတ်လလယ်လောက်အထိ အလုပ်ဖြစ်ခဲ့တယ်လို စင်္ကာပူနိုင်ငံ ဆောဆွီးဟော့ခ်လူထုကျန်းမာရေးတက္ကသိုလ် ဌာနမှူး ပါမောက္ခ ယစ်ယင်း တီယို က ပြောပါတယ်။
အဲဒီအချိန်ဟာ ကမ္ဘာတဝန်းမှာ အခြေအနေတွေ ဆိုးလာနေတဲ့အချိန်ဖြစ်ပြီး နိုင်ငံအတော်များများက ပြည်ပရောက်နေတဲ့ သူတို့ရဲ့နိုင်ငံသားတွေကို အိမ်ပြန်လာကြဖို့ စတိုက်တွန်းခဲ့ချိန် ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံကိုလည်း လူထောင်နဲ့ချီ ပြန်လာခဲ့ပြီး အဲဒီထဲက လူ ၅၀၀ ကျော်လောက်ဟာ သူတို့ကိုယ်တိုင် မသိဘဲ ရောဂါပိုးတွေ သယ်လာခဲ့ကြပါတယ်။
အဲဒီအချိန်လောက်မှာတော့ ပြည်ပကပြန်လာသူတွေကို ကိုယ့်အိမ်ထဲမှာ သီတင်းနှစ်ပတ် မဖြစ်မနေ နေရမယ်လို့ စင်္ကာပူအစိုးရက ညွှန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားသူတွေကိုတော့ ရောဂါလက္ခဏာ မတွေ့ရင် ပုံမှန်သွားလာခွင့်ပြုခဲ့ပါတယ်။
ရောဂါဖြစ်ပွားမှုသစ်တွေ တဟုန်ထိုး တိုးလာချိန် မတ်လလယ်လောက်မှာတော့ တစ်နေ့ကို ရောဂါဖြစ်သူပေါင်း လေးငါးဆယ် ရှိလာခဲ့ပါတယ်။
အများစုဟာ ပြည်ပက လာသူတွေ ဒါမှမဟုတ် သူတို့နဲ့ဆက်စပ်နေသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းမှာ ဖြစ်တဲ့ ရောဂါဖြစ်ပွားမှုအားလုံးကို ပထမဆုံးကြိမ်အဖြစ် အလွယ်တကူ ခြေရာခံလို့ မရ ဖြစ်ခဲ့ရပါတယ်။
အဆိုးဘက်ကို ကြည့်ရင် ပြည်ပက ပြန်ဝင်လာသူတွေနဲ့ ထိတွေ့ဆက်ဆံမှုတွေကို မကန့်သတ်ခဲ့တာဟာ အမှားတစ်ရပ်ဖြစ်တယ်လို့ ပါမောက္ခ တီယို ကပြောပါတယ်။ဒါပေမဲ့ လက်တွေ့အရတော့ မတ်လတုန်းကနဲ့စာရင် အခုအချိန်မှာ ဒီရောဂါအကြောင်းကို ထဲထဲဝင်ဝင် ပိုသိထားပြီ လို့ သူက ပြောပါတယ်။
"ရောဂါလက္ခဏာမပြတဲ့သူတွေဆီကနေ ရောဂါကူးစက်တာမျိုး လုံးဝဖြစ်နိုင်ခြေ ရှိတယ်ဆိုတာ ကျွန်တော်တို့ အခုသိရပါတယ်။ လက်ရှိမှာလည်း ဒါမျိုးဖြစ်နေပြီး ကိုဗစ်-၁၉ ရောဂါကို အဓိက ဖြန့်တဲ့ အကြောင်းရင်း ဖြစ်နိုင်တယ်" လို့ ပါမောက္ခ တီယို ကပြောပါတယ်။
စင်္ကာပူအစိုးရဟာ ရောဂါဖြစ်ပွားမှုအားလုံးရဲ့အသေးစိတ်မှတ်တမ်းတွေကို သိမ်းထားတာမို့ ပြည်တွင်းရောဂါကူးစက်ဖြစ်ပွားမှုတွေကနေ လေ့လာသုံးသပ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဘယ်ကနေ ရောဂါစဖြစ်လာသလဲဆိုတာကို နားလည်သဘောပေါက်ရာကနေ အဆင့်ဆင့် ဆောင်ရွက်မှုတွေ လုပ်ခဲ့ကြတာလို့ ပါမောက္ခ တီယို ကပြောပါတယ်။
"အဲဒီအတွက် နိုင်ငံတွေအနေနဲ့ အခု ရထားတဲ့ သတင်းအချက်အလက်တွေအပေါ် အရမ်းကြီး ယုံကြည်စိတ်ချတာမျိုး မလုပ်ကြဖို့ လိုပါတယ်။ ဥပမာ ပြန်နာလန်ထူလာတဲ့ လူနာတွေဟာ နောက်ထပ်ရောဂါဖြစ်မှာကို ခံနိုင်ရည် ရှိတယ်ဆိုတဲ့ ယုံကြည်မှုမျိုး မထားဖို့ လိုပါတယ်။ ဒါက လုံးဝမဖြစ်နိုင်ပါဘူး"

ဗိုင်းရပ်စ်ပိုး ပြန့်နှံ့တာနဲ့ပတ်သက်လို့ စင်္ကာပူအစိုးရက ဘာပြောသလဲ

ပြည်ပကနေ ရောဂါပိုး သယ်လာတဲ့ ပြဿနာကို ဖြေရှင်းရာမှာ စင်္ကာပူနိုင်ငံထဲ ထပ်ဝင်လာသူတွေအားလုံးကို အစိုးရရဲ့ သီးသန့်ဆောင်တွေကို တိုက်ရိုက် ပို့ပြီး တခြားသူတွေနဲ့ ခွဲခြားထားတဲ့နည်းနဲ့ ဖြေရှင်းနေပါတယ်။ အခုအခါ နိုင်ငံထဲ ဝင်လာသူကလည်းအနည်းအပါးပဲ ရှိတော့ပြီး ပြည်ပက ဝင်လာသူတွေ ရောဂါဖြစ်မှု အရေအတွက်ကလည်း အခုရက်ပိုင်းအတွင်း ဆယ်ဂဏန်းအောက် ထိုးကျသွားခဲ့ပါတယ်။
အင်္ဂါနေ့ညနေတုန်းကတော့ စင်္ကာပူနိုင်ငံမှာ နေရာတချို့တဝက်ကို အသွားအလာ လုံးဝ ပိတ်လိုက်တဲ့ စည်းမျဉ်းသစ်တစ်ခု အတည်ပြုခဲ့ပါတယ်။ ဒီစည်းမျဉ်းကို ဥပဒေ လို့တော့ တရားဝင်မသုံးခဲ့ပါဘူး။
ပါဆယ်ထုတ်နဲ့ပဲ ရောင်းခွင့်ပြုထားဓာတ်ပုံ မူပိုင်GETTY IMAGES
Image captionပါဆယ်ထုတ်နဲ့ပဲ ရောင်းခွင့်ပြုထား
အခုအခါ စင်္ကာပူနိုင်ငံရဲ့ နာမည်ကြီး အစားအသောက်စင်တာတွေ အားလုံး ပိတ်ထားလိုက်ပြီဖြစ်ပြီး ပါဆယ်ထုတ်နဲ့ပဲ ရောင်းခွင့်ပြုထားပါတယ်။
မလုပ်မဖြစ် လုပ်ရမဲ့ကိစ္စတွေနဲ့ ကိုယ်လက် လေ့ကျင့်ခန်း လုပ်ဖို့ကလွဲလို့ ဘယ်သူမှ အိမ်ပြင်မထွက်ကြဖို့ တားမြစ်ထားပါတယ်။ ကျူးလွန်သူတွေကို စင်္ကာပူဒေါ်လာ တစ်သောင်း ဒါမှမဟုတ် ထောင်ဒဏ် ၆လ ချမှတ်ခံရနိုင်ပါတယ်။
ဒီလို လုပ်တာက ထိရောက်မှု ရှိလာလိမ့်မယ်လို့ ပါမောက္ခ တီယို ကပြောပါတယ်။ လောလောဆယ် ရေတိုကာလမှာ ရောဂါဖြစ်သူအရေအတွက် တိုးကောင်း တိုးနေအုံးမှာ ဖြစ်ပေမဲ့ ဒီလုပ်ဆောင်မှုတွေက ရေရှည်မှာ ထိရောက်မှု ရှိလာမှာဖြစ်တယ်လို့ သူက အလေးအနက် ပြောခဲ့ပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်က ကြောက်စရာကောင်းလောက်အောင် မြင့်တက်သွားခဲ့တဲ့ ရောဂါဖြစ်ပွားမှုတွေဟာ ဆင်းရဲတဲ့နိုင်ငံတွေကနေ ဆောက်လုပ်ရေးလုပ်ငန်း၊ သင်္ဘောလုပ်ငန်းနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ လာအလုပ်လုပ်ကြတဲ့ ရွှေ့ပြောင်းလုပ်သားတွေအကြားမှာ ဖြစ်ခဲ့တာပါ။
စင်္ကာပူနိုင်ငံဟာ သူ့ရဲ့စီးပွားရေးလည်ပတ်နေဖို့ ဒီ ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် မှီခိုအားထားနေရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့တွေရဲ့ အလုပ်တွေက တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေဖို့ မဖြစ်နိုင်တဲ့ အလုပ်တွေပါ။
ဒါ့အပြင် စင်္ကာပူမှာ ထုတ်ပြန်ထားတဲ့ ဥပဒေအရ အလုပ်သမားဆောင်တွေမှာ နေကြရပါတယ်။ အဲဒီအဆောင်တွေဟာ ပုဂ္ဂလိကပိုင်တွေ ဖြစ်ပါတယ်။ တစ်ခန်းကို လူ ၁၂ ယောက်လောက်အထိ နေကြရပြီး ရေချိုးခန်း၊ မီးဖိုချောင်၊ ဧည့်ခန်းတို့ကို အတူတူ မျှသုံးကြရပါတယ်။
ဒီလို အလုပ်သမားဆောင်မျိုးတွေမှာ စုပြုံနေကြသူတွေမှာ ရောဂါကူးစက်ခံရမယ့်အန္တရာယ်ကို ရှောင်လွှဲလို့ရမယ့်ပုံမျိုးမရှိသလို တကယ်လည်း သူတို့အကြား ရောဂါ ကူးစက် ဖြစ်ပွားခဲ့ပါတယ်။
လူတွေ စုပြုံနေထိုင်နေတဲ့ အလုပ်သမားဆောင် အတော်များများမှာ ရောဂါဖြစ်ပွားမှု ၅၀၀ နီးပါးလောက်အထိ ရှိတယ်လို့ အတည်ပြု ထားပါတယ်။
အလုပ်သမားဆောင် တစ်ခုတည်းမှာတင် ရောဂါဖြစ်ပွားမှုဟာ တနိုင်ငံလုံးဖြစ်ပွားမှုစုစုပေါင်းရဲ့ ၁၅ ရာခိုင်နှုန်း ရှိပါတယ်။
စင်္ကာပူနိုင်ငံ ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီး လောရင့်စ် ဝေါင်း က "တကယ်လို့များ ဒီဗိုင်းရပ်စ်ပိုးဒီလောက် မြန်မြန် ကူးစက်ပြန့်ပွားမယ်မှန်း အစောပိုင်းက သိခဲ့ရင် ကျွန်တော် တခြားနည်းနဲ့ ဖြေရှင်းခဲ့မှာပါ"လို့ ကြာသပတေးနေ့က ပြောခဲ့ပါတယ်။
ဒါပေမဲ့ အလုပ်သမားအတော်များများကတော့ ရောဂါလက္ခဏာတွေ ပြနေတဲ့ကြားက ဆက်အလုပ်ဆင်းခဲ့ကြပါတယ်။
ကြောက်စရာကောင်းတာက လာမယ့် သီတင်းပတ်တွေကျရင် ရောဂါကူးစက်ဖြစ်ပွားသူ အရေအတွက်ဟာ ထိန်းမနိုင်သိမ်းမရ အခြေအနေမျိုးရောက်သွားနိုင်ပါတယ်။

#ခရက္ဒစ္

Comments